အမဲသားခေါက်ဆွဲကြော် အစပ်
အမဲသားခေါက်ဆွဲကြော် အစပ်
တကယ်တော့လည်း အချို အငံ အရသာ ..နဲ့ မွှေးတဲ့ အနံ့လေးတွေကို ကိုယ်ညဏ်ရှိသလို ကွန့်ပီးထည့်နိုင် ကြရင်လည်း စားကောင်း တဲ့ ခေါက်ဆွဲကြော်လေး
ဖြစ်လာမှာပါဘဲနော်..။ အမဲသားကို ပါးပါးလေးလှီးပီး ဆား၊ အချိုမှုန့်၊ ကြက်ဥနဲ့ ၂ နာရီလောက်နှပ်ထားတယ်..။ အမဲသားကို အကြာကြီး မကျော်ဘူး..ပန်းရောင်ကနေ အမဲရောင်ပြောင်းသွားရုံလောက်ဘဲ၊ ပါးပါးလည်းလှီးထားတာမို့ ကျက်တာလည်း သေချာပါတယ်..။ အမဲသားက မကျက်လည်း စားလို့ရပေမဲ့..
အသားဆို ကျက်မှ စားရဲတယ်..။ Hawaiian BBQ sauce နဲ့ကြော်တယ်.. သူ့ထဲမှာ ဘာတွေ ပါလည်း သေချာမသိပေမဲ့.. အရသာက ချိုတယ်.. ဆီတိုဟူး အနံ့နဲ့ နှမ်းနံ့လေးရတယ်..။ အထင်တော့ သကြားညို၊ ပဲငံပြာရည်၊ ဆီတိုဟူး၊ နှမ်း၊ တို့ကို ရောကြိတ်တယ်လို့ထင်တယ်..။ တခြားပါတာတွေလည်း ရှိမှာပေါ့နော်..
ပါ၀င်သော ပစ္စည်းများ (၁ ပွဲစာ)
1. အမဲသား ၁၀၀ ဂရမ် ( ၅ကျပ်သားခန့်)
2. ခေါက်ဆွဲအစို ၁၅ ကျပ်သားခန့်
3. သကြား အနည်းငယ်
4. ပဲငံပြာရည် အကြည် လိုသလောက်
5. ပဲငံပြာရည် အပျစ် ၁ လက်ဘက်ရည်ဇွန်း
6. BBQ Sauce ၂ လက်ဘက်ရည်ဇွန်း
7. ငရုပ်သီး အကြမ်းမှုန့် ၁ လက်ဘက်ရည်ဇွန်း (စပ်စပ်)
8. ဆား အနည်းငယ်
9. ရေ ၁ စားပွဲဇွန်း
10. ဆီ ၃ စားပွဲဇွန်း
11. ကြက်ဥ တလုံး
12. အသီးရွက်စုံ ၁၅ ကျပ်သားခန့်
ချက်နည်း
1. အမဲသားကို ပါးပါးလှီး၊ ဆား၊ သကြား၊ ပဲငံပြာရည် ၊ ကြက်ဥ (တလုံးကနေ အနည်းငယ်ယူထည့်) ထည့်ပြီး တူနဲ့ နယ်ပါ။ ၂ နာရီလောက် ရေခဲသေတ္တာ အခဲထပ်ထဲမှာ နှပ်ထားပါ၊
2. ကြော်မည့်အိုးထဲဆီထည့်၊ ဆီပူလာရင် အမဲသားထည့်ကြော်၊ ကြက်သွန်ဖြူကြော်ပါ၊ နွမ်းသွားတဲ့ အခါ အသီးရွက် ထည့်ကြော်ပါ၊ ခေါက်ဆွဲ ထည့်ပီး မွှေပေးပါ။ ငရုပ်သီးမှုန့်၊ ဆား၊ သကြား၊ ပဲငံပြာရည် အပျစ်၊ အကျဲ တို့နဲ့ BBQ sauce ထည့်မွှေပေးပါ၊
3. လိုအပ်လျှင် ပြောင်းကော်မှုန့် ၁/၄ လက်ဘက်ရည်ဇွန်းကို ရေ (အရိုးပြုတ် အချိုရည်) ၄ စားပွဲဇွန်းနဲ့ ဖျော်ပီး နည်းနည်းချင်း လိုသလောက်ထည့်မွှေပေးပါ၊ ခေါက်ဆွဲကြော်က စိုစိုလေးဖြစ်နေရပါတယ်..။ အသီး အရွက် ဘယ်လောက်ထည့်မလည်း..ရေ ဘယ်လောက်ထွက်လာမလည်းဆိုတာ အတိကျ မပြောနိုင်လို့ပါ၊ ကော်တွေ အများကြီးနဲ့ ပြစ်ပြစ်ကြီး မဖြစ်ရပါ၊ Hawaiian BBQ sauce ကို ဆောစ့် ရဘို့ မလွယ်တာကြောင့်..အလွယ်တကူ ရနိုင်တဲ့ ခရုဆီ ကို သုံးနိုင်ပါတယ်။ အရသာက ချိုစပ်မွှေးလေးပါ။
Post a Comment