Header Ads

ဆန်ပြားကြော် (သို့) ညှပ်ခေါက်ဆွဲ ကြော်



ဆန်ပြားကြော် (သို့) ညှပ်ခေါက်ဆွဲ ကြော် ပူပူလေး

ဒီတခါမှာတော့
ဆန်ပြားကြော် (ညှပ်ခေါက်ဆွဲကြော်လို့
လည်းခေါ်ကြပါတယ်) ကြော်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ညှပ်ခေါက်ဆွဲ ၂၀ ကျပ်သား
ကြက်သား/ဝက်သား/ပုစွန် ၅ ကျပ်သား
ကြက်ဥ ၁ လုံး
ကိုက်လန်/မုန်ညှင်း/ပဲပင်ပေါက် အနည်းငယ်
ကြက်သွန်ဖြူ ၂ မွှာ

ပဲငံပြာရည်အကျဲ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ခရုဆီ စားပွဲဇွန်း ၅ ဇွန်း
ငံပြာရည် စားပွဲဇွန်း ၁ ဇွန်းခွဲ
ဆီ၊ ဆား
အသားမှုန့်
ချက်ပြုတ်နည်း

အရင်ဆုံး ဆန်ပြားခေါက်ဆွဲကို လက်သန်းလောက် အထူ လှီးလိုက်ပါ။ ဒီထက်ကြီးကြီးလှီးချင်လည်း ရပါတယ်။

အသားကို သန့်စင်ပါ။ ပြီးရင်အတုံးလေးတေါလှီးလိုက်ပြီး ဆား၊ အသားမှုန့်၊ ငံပြာရည်တို့ နဲ့ နယ်ထားလိုက်ပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက်နှပ်ထားပါ။

ပြီးရင် ကြက်ဥကို ခလောက်ပြီး မွှေထားလိုက်ပါ။

မိမိနှစ်သက်တဲ့ အသီးအရွက်ကို လှီးဖြတ်လိုက်ကာ ရေသေချာဆေးလိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူကို ဓါးပြားရိုက်ပါ။

အိုးထဲကို ဆီထည့်ပြီး အပူပေးကာ ကြက်သွန်ဖြူ ဆီသပ်ပါ။ ပြီးရင် အသားထည့်ကြော်ပါ။ အရွက်ထည့်ကြော်ပါ။

အသားလေးနူးချင်ရင် ရေနွေးနည်းနည်းထည့်လိုက်ပြီး အဖုံးအုပ်ထားလိုက်ပါ။ အသားရရင် ကြက်ဥထည့်မွှေလိုက်ပါ။ ပြီးရင် အရွက်ထည့်ပြီး နည်းနည်းလေး နွမ်းအောင် ကြော်လိုက်ပါ။

အဲဒီနောက် ခေါက်ဆွဲထည့်လိုက်ပြီး ခရုဆီ၊ ငံပြာရည်၊ အရသာထပ်လိုရင် ဆား၊ အသားမှုန့်ထပ်ထည့်ပြီး နှံ့အောင်ကြော်ပေးပါ။ မီးဖိုပေါ်ကမချခင် အရသာမြည်းကြည့်ပါ။ အနေတော်ပဲဆိုရင် သုံးဆောင်နိုင်ပါပြီနော်။

No comments