Header Ads

ငါးဖယ်ငါးဆုပ်ချဉ်ပေါင်ဟင်းလေး ချက်နည်း


ငါးဖယ်ငါးဆုပ်ချဉ်ပေါင်ဟင်းလေး ချက်စားကြရအောင်။ ငါးဖယ်က အရသာရှိပြီး စားကောင်းတာမို့ အိမ်သူအိမ်သားတွေ အကြိုက်ညီမယ့် ဟင်းတခွက်ပါ။

ချက်ပြုတ်ဖို့အတွက် လိုအပ်တာတွေကတော့
ငါးဖယ် ၂၅ ကျပ်သား
ချဉ်ပေါင်ရွက် အနည်းငယ်
ကိုင်းခရမ်းချဉ်သီး ၁လုံး
ကြက်သွန်ဖြူ /နီ အနည်းငယ်
ငရုတ်သီးမှုန့် အနည်းငယ်
ငရုတ်သီးစိမ်း အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံး ငါးဖယ်ကို ဆား၊ နနွင်းလေး ဖြူးပြီး ကြက်သွန်ဖြူလေးနဲ့ စီးပိုင်လာအောင်ထောင်းပေးပါ။ ငါးဖယ်က ထောင်းနိုင်လေ ထုတ်ထုတ်လေးနဲ့ စားကောင်းလေပါပဲ။ ပြီးရင်တော့ ငါးဖယ်ကို အနေတော်လေး ငါးဆုပ် ဆုပ်ထားပေးပါ။ ပြီးရင် ကြက်သွန်ဖြူ ၊နီ နဲ့ငရုတ်သီးမှုန် ၊ခရမ်းချဉ်သီးတို့ကို ရောထောင်းပြီး ဆီသတ်ပါ။ ဆီကို အနည်းငယ်ပဲ ထည့်ပါ။ ငရုတ်သီးစိမ်းပါ ထည့်ပါ။ မွှေးပြီး အရောင်ပြောင်းလာတဲ့အထိ ဆီသတ်ပေးပါ။
ငရုတ်သီးဆီသတ်တာ ရပြီဆိုရင် ငါးဖယ်ငါးဆုပ်လေးတွေ ထည့်ပါ။ ဟင်းအငွေ့လေးနဲ့ပဲ ငါးဆုပ်အပေါ်ယံ တင်းသွားအောင် ချက်ပါ။ အရမ်း မမွှေရပါဘူး။
ငါးဖယ်ငါးဆုပ်ကို ဟင်းအနှစ်ပေါ် ၂ မိနစ်လောက် ထားပြီးရင်တော့ အနှစ်နဲ့ငါးဆုပ်ကို သမအောင် မွှေပေးပါ။ ငါးဆုပ်လေးတွေ တင်းပြီး အညှီနံ့ ပျောက်လောက်ပြီဆိုရင်တော့ ချဉ်ပေါင်ရွက် ထည့်ပါ။ အရသာအတွက် ဆား အနည်းငယ်ထည့်ပေးပါ။ ချဉ်ပေါင်ရွက်တွေ နွမ်းသွားပြီဆိုရင်တော့ ငါးဖယ်ငါးဆုပ်လေးတွေ မြှုပ်လောက်တဲ့အထိ ရေထည့်ပါ။ အိုးမကပ်အောင် မကြာခဏ မွှေပေးပါ။ ၁၅ မိနစ်လောက် ချက်ပြီးရင်တော့ ငါးဖယ်ငါးဆုပ် ကျက်ပြီး ဟင်းရည်လေးက ဆီလည် ရေလည်လေး ဖြစ်လာပါပြီ။ ဒါဆိုရင်တော့ ဟင်းအိုး မီးပိတ်လို့ ရပါပြီ။ ချဉ်ငံစပ် အရသာနဲ့ ငါးဖယ်ငါးဆုပ် ချဉ်ပေါင်ဟင်းလေး ရပါပြီ။ ဟင်းတမယ်ထဲနဲ့ ထမင်းစားလို့ မြိန်စေမှာပါ။ ငါးဖယ်ငါးဆုပ် အရသာချိုချိုလေးနဲ့ ချဉ်ပေါင်ရွက်ရဲ့ အချဉ်ဓာတ်ရယ် ဟင်းအနှစ်လေးက ချဉ်ငံစပ် အရသာအကုန်ပါနေတော့ စားပြီးရင်တော့ ဆွေမျိုးမေ့ပေါ့နော်။

No comments