သာကူ အုန်းနို့ဆမ်း စိမ့်စိမ့်လေး
သာကူ အုန်းနို့ဆမ်း စိမ့်စိမ့်လေး
ဟင်းတွေချက်ရတာ ပျင်းလာပြီ ဒါကြောင့်မို့ သင်္ကြန်တုန်းက လုပ်စားခဲ့တဲ့ သင်္ကြန်မုန့်လေးတွေ စားချင်လာမိပြန်ပါတယ် ဒီနေ့တော့ ဆွမ်းမွှေးသာဂူနဲ့ လိမ္မော်သာဂူလေးလုပ်ပြီး အုန်းနို့လေးဆမ်းကာ စားဖို့ ပြင်ဖြစ်ပြန်ပါတယ် ဒီမုန့်ပုံလေးကတော့ သင်္ကြန်တုန်းက လုပ်စားခဲ့တဲ့ ပုံလေးပါ နေ့လည်နေ့ခင်း အပျင်းပြေ စားရလေအောင် လုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
ရေနွေး - လိုသလောက်
သကြား - ထမင်းစားဇွန်း ၅ဇွန်းမောက်မောက်
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
အုန်းနို့ - တဗူး (400 ml)
ရေအေး - တလီတာခန့်
ဆွမ်းမွှေးရွက် - ၄ရွက်
လိမ္မော်ရည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
ပြင်ဆင်ပုံ
ပါ၀င်ပစ္စည်း အားလုံးကို ပြင်ပေးပါ
သာကူကျိုပြီးသားထည့်ရန် ဗူးသန့်သန့်တခုကို ပြင်ထားပါ
ဆွမ်းမွှေးရွက်ကို အနေတော် ပိုင်းဖြတ်ကာ ဗလင်ဒါထဲမှာ ရေထမင်းစားဇွန်း ၄ဇွန်းလောက်ထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
ဆွမ်းမွှေးရွက်များ ညက်လာပါက ဇကာစိတ်စိတ်တခုထဲမှာ အ၀တ်ပါးခံကာ အဖတ်များ မပါအောင် စစ်ပေးထားပါ
ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ထမင်းပေါင်းအိုး ၇ဗူးခန့်ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် တည်လိုက်ပါ
ရေနွေးလိုလျှင် ထပ်ထည့်နိူင်အောင် ရေနွေးတအိုး ဆူအောင် တည်ထားပါ
ရေဆူလာပါက ဆွမ်းမွှေးရွက် ကြိတ်ထားသော အရည်နှင့် သာကူစေ့များ ထည့်ပြီး မွှေပေးပါ
သာကူများ ခဲပြီး ကပ်မသွားစေရန် မကြာမကြာ မွှေပေးပါ
သုံးသော သာကူများ မတူနိူင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိူင်ပါ
သာကူစေ့ မျက်စေ့လေးများ မပျောက်မချင်း ရေနွေးနည်းနည်းချင်း ထည့်ထည့်မွှေပေးပါ
ရေမများစေရန် သတိပြုပေးပါ ရေများပါက သာကူများ ပျော့ပျဲကုန်တတ်ပါတယ်
သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဗူးထဲလောင်းပေးပါ
သာကူစေ့များ အေးလာအောင် အအေးခံပေးထားပါ
အအေးခံထားသော သာကူစေ့များ အေးလာပါက ရေခဲသေတ္တာထဲမှာ တညသိပ် ထည့်ထားပေးပါ
အထက်ပါနည်းအတိုင်း ရေနှင့်လိမ္မော်ရည်ကို အချိုးကျထည့်ကာ လိမ္မော်သာကူကိုလဲ ကျိုပေးပါ
အုန်းနို့ကျိုရန်
ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးကို ဖောက်ထည့်ပါ
အုန်းနို့ထဲသို့ ရေ အုန်းနို့ဇူးနျင့် သုံးဗူး ထပ်ရောပေးပါ
ပြီးတာနဲ့ သကြား ဆားတို့ရောမွှေကာ အပူပေးပါ
အုန်းနို့များ ပွက်ပွက်ဆူလာပြီဆိုပါက မီးပိတ်ပေးပါ
အအေးခံထားသော သာကူကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိူင်ရန် ဗူးတခုစီထဲမှာ အုန်းနို့နှင့် သာကူတို့ကို ပြင်ပေးထားပါ
ချက်ခြင်းမသောက်ဖြစ်သေးပါက ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ
စားနိူင်သလောက် တမျိုးနည်းနည်းစီရောပြီး ပြင်ပေးပြီးပါကအုန်းနို့သာကူဆမ်း စိမ့်စိမ့်လေး ရပါပြီ။
အုန်းနို့ဗူး မသုံးချင်ပါက အုန်းသီးတလုံးကို ခြစ်ပြီး အရည်ယူနိူင်ပါတယ်။
Post a Comment